Sunday, February 15, 2009

ဆောင်းပါး
ရခိုင်ပြည်တော်လှန်ရေး
(ဓညစံ)

၁၆ ကြိမ်မြောက် တော်လှန်ရေးနေ့ကြီး အတွက် ပြည်ထောင်စုတစ်ဝှမ်းလုံး သတိရကြရန်ဖြစ်သည်။ ဂျပန်တော်လှန်ရေးကို သရုပ် ဖော်ရာတွင် ရခိုင်အမျိုးသားတို့၏ တော်လှန်ခဲ့ကြပုံကို သီးသီးခြားခြား ဖြော်ပခဲ့လျှင် အချို့ချို့သော ပုဂ္ဂိုလ်များအမြင်ကျဉ်းသည်။ အမျိုးသားရေးဆန်သည်ဟု စွပ်စွဲကြမည် ဖြစ်သော်လည်း တော်လှန်ရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားတို့ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံကို ဖော်မပြလျှင် မဖြစ်ဟု စိတ်ထားမြင့်မြတ်သော မြန်မာအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များက ထင်မြင်ကြမည် မလွဲပေ၊

ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ
မြန်မာရာဇ၀င်တွင် တော်လှန်ကြသည့် ဗမာ့မျိုးချစ်တို့ကဲ့သို့ ရခိုင်ရာဇ၀င်တွင်လည့် မိမိတိုင်းပြည်နှင့် မိမိတို့အမျိုးအတွက် တော်လှန်ခဲ့ကြပါသည်။ ဘုရင်မင်းဘာကြီး၊ မဟာပညာတော်တို့၏ စွမ်းရည်သတ္တိမှာ အနောက်ဘင်္ဂလားဒေ့ရှ် ၁၂ မြို့ကို စိုးပိုင်လာသော သူရတန်ဘုရင်အား တော်လှန်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းအတူ ဘုရင့်နောင် တပင်ရွှေထီးတို့ ရခိုင်ပြည်သို့ ကျူးကျော်ခဲ့စဉ်ကလည်း မင်းဘာကြီး၊ မင်းဖလောင်းနှင့် အပေါင်းအပါ မဟာပညာကျော်တို့ တော်လှန်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

ရခိုင်ရေတပ်သားတို့စွမ်းရည်
ပေါ်တူဂီ နယ်ချဲ့သမားတို့သည် ရခိုင်နယ်သို့ ကျူးကျော်ဝင်ရောက်ခဲ့ကြစဉ်က ရခိုင်ရေတပ်သားများသည် အဆိုပေါ်တူဂီတို့အား သူရဲကောင်းပီပီ တွန်းလှန်ခဲ့ကြပါသည်၊၊ ဗိုလ်မှူးချုပ် မျက်တောင်ရှည်၊ လက်ရုံးပေါ်၊ ဗိုလ်ချင်းပျံ၊ ငပေါ်လုံး၊ ငခွက်ပေါက်၊ ကျွဲတကောင်နိုင် စသော ပုဂ္ဂိုလ်တို့သည် ရခိုင်တော်လှန်ရေးသမားများအဖြစ် မှတ်တမ်းများ အထင်အရှား ရှိနေပါသည်၊၊ ဤပုဂ္ဂိုလ်တို့သည် မဟာလူမျိုးကြီးဝါဒ ဖြစ်သော ဖိနှိပ်ကျူးကျော်ခြင်းကို ချေမှုန်းတွန်းလှန်ခဲ့ကြသူများဖြစ်ပါသည်။

အင်္ဂလိပ်ကို တော်လှန်ခဲ့ပုံ
ဗြိတိသျှနယ်ချဲ့သမားတို့ အိန္ဒိယမှ ရခိုင်သို့ ချီတက်တိုက်ခိုက်ခဲ့စဉ်က ရခိုင်သူရဲကောင်းတို့ အနေဖြင့် အနေဖြင့် ဒေးဝန်းကြီးအောင်ကျော်ရှီ၊ မင်းသားကြီး ဦးရွှေဗန်းတို့၏ တော်လှန်ခဲ့ပုံတို့သည် ရာဇ၀င်မှတ်တမ်း နောင်လာနောင်သားတို့ အမှတ်တရ ဖြစ်စေခြင်းငှာ ၄င်းတို့ လက်မောင်းမှ ထိုးဆွရရှိသော သွေးများဖြင့် စာတမ်းကြီးများ ရေးထိုးတော်လှန်ခဲ့ကြသူများ ဖြစ်ကြပါသည်။မင်းလောင်း၊ မင်းဖော်အောင်၊ ဦးလောဘတို့၏ မြင့်မြတ်သော တော်လှန်ရေးစိတ်ဓာတ်များသည် ယနေ့တိုင် ရခိုင်နယ်ဘက်၌ ပြောမဆုံးနိုင်အောင် ရှိကြသည်မဟုတ်ပါလား။

အင်္ဂလိပ်ကို တော်လှန်ခဲ့သူ
ရခိုင်နှင့်ဗမာ အင်အားချင်း မမျှ၍ ဗြိတိသျှ အင်္ဂလိပ်လက်အောက် ကျွန်သပေါက် ဘ၀ရောက်ခဲ့စဉ်က အင်္ဂလိပ်တို့၏ အပြုအမှုကို ဘယ်လိုနည်းဖြင့် တော်လှန်ရပါမည်နည်း ဟူသော အဓိဌာန်ဖြင့် ဗြိတိသျှနယ်ချဲ့ကို စတင်၍ တော်လှန်ခဲ့သူ စစ်တွေမြို့ ရူပရပ်မှ ဦးဥတ္တမပင်ဖြစ်၍ တော်လှန်ရေးမှတ်တမ်း ရာဇ၀င်ကို ရေးကြသည့်အခါ ဦးဥတ္တမပင်ဖြစ်၍ ဦးဥတ္တမလို ပုဂ္ဂိုလ်မပါရှိ၊ မထည့်သွင်းက မဖြစ်နိုင်မဟုတ်ပါလား၊၊

သိကြသေးရဲ့လား
ဆရာဦးအောင်ထွန်းဦး၊ ဦးပညာသီဟ၊ ဦးစန္ဒာ၊ ဒို့လက်ရုံး။ ဦးစံရွှေ၊ ဦးဘစံ၊ ဦးညိုထွန်း၊ ဦးကျော်မြ၊ ဘုံပေါက်သာကျော်တို့အနေဖြင့် ဗမာ့တော်လှန်ရေးသမားများဖြစ်ခဲ့ကြသည်။ သခင်လေးမောင်၊ သခင်မြ၊ သခင်စိုးတို့ နှင့် ပူးတွဲ၍ တော်လှန်ခဲ့ကြသည်မှာ ခပ်နုနုခပ်ကြမ်းကြမ်း ဖြစ်ခဲ့ကြပါသည်။
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံတွင် ရခိုင်ကျောင်းသားများရှေးတန်းမှ ခေါင်းဆောင်၍ တိုက်ခိုက်ခဲ့ကြကို ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်များလည်း အသိပင်ဖြစ်ပါသည်။ အင်္ဂလိပ်တို့ သြဇာလွှမ်းမိုး စိုးမိုးအုပ်ချုပ်နေသည့်အချိန် အင်္ဂလိပ်ကိုမောင်းထုတ်ရန် တော်လှန်သည့်အခန်းတွင် ရခိုင်ပြည်မှ တော်လှန်ရေးပုဂ္ဂိုလ်တို့ မပါလျှင် မပြီးဟု ဆိုလင့်ကစား ယနေ့အဖို့ ဤပုဂ္ဂိုလ်များအတွက် သတိရကြမည်ကားမလွဲချေ၊ ၁၉၄၂ ခုနှစ်၊ သြဂုတ်လတွင်းက ထက်ဘုန်းကြီးသိန်းဖေ (ယနေ့သိန်းမြင့်)၊ သခင်စိုး၊ ဗိုလ်တင်ရွှေ၊ ဗိုလ်တင်မြင့် အင်္ဂလိပ်ကိုခံချတော်လှန်ရေးနှင့် ပတ်သက်၍ စစ်တွေခရိုင် မင်းပြားမြို့အနောက်ဘက် ထီးနန်းတွင် အထပ်ထပ်ဆွေးနွေးလျက် တော်လှန်ရေး အောင်မြင်ရေးအတွက် စီမံကိန်းချခဲ့ကြခြင်း ဖြစ်ပါသည်၊၊

မမေ့အပ်သော သာဓက
မြန်မာနှင့်ရခိုင်မင်းတို့ မလိမ်တပတ်နှင့် အပိုင်စီးသော ဂျပန် ဖက်ဆစ်တို့၏ ဘေးရန်ကို မည်သို့တော်လှန်ရမည်ဟုကြိုးပမ်းဆောင်ရွက်ရာ၌ တော်လှန်ရေးအစ ရခိုင်ပြည်ကပင်ဖြစ်ပါသည်။
တက်ဘုန်းကြီးသိန်းဖေမြင့်၊ ဗိုလ်တင်ရွှေတို့အား ကုလားတန်မြစ်ရိုးတန်းတစ်လျှောက်မှ ဆောင်ကြဉ်း၍ ပို့လိုက်သူများမှ ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ၏ သက်စွန့်ကြိုးစားမှုဖြစ်ကြောင်း မမေ့အပ်သော သာဓက တစ်ခုဖြစ်ပါသည်၊၊


အင်္ဂလိပ်တပ် ၁၃၆
အင်္ဂလိပ်တပ်ဟာ အမှတ် ၁၃၆ နှင့် ဆက်သွယ်၍ ပြတေးစခန်း၊ မောင်းဆွဲစခန်း၊ ရုပ်ဝစခန်းများသည်ကား ရခိုင်တော်လှန်ရေးသမားများ၏ အခြေခံစခန်းများနှင့် စစ်သင်တန်းတက်ရန် စခန်းမှုများဖြစ်ကြပါသည်။ ရခိုင်လူငယ်များအား အင်္ဂလိပ်နယ်ပယ်တွင်းသို့ ဤကုလားတန်မြစ်မှ ပုန်းလျှိုးပုန်းဝှက် ပို့ဆောင်ခဲ့ကြရပါသည်၊၊

လေထီးအစ ရခိုင်တော်လှန်ရေးက
၁၉၄၄ ခုနှစ်လယ်လောက်တွင် ဂျပန်ကို စတင်တော်လှန်ရေးနှင့် ပတ်သက်၍ မြန်မာပြည်တွင်းသို့ လေထီးဖြင့် ဆင်းလာခဲ့ကြသူများမှာ ရခိုင်အမျိုးသားတော်လှန်ရေးသမားတို့သာလျှင် ပါဝင်ခဲ့ကြသည်ဟု ဆိုပါကဆိုနိုင်ပါသည်။ ဗိုလ်ညိုထွန်း၊ ဗိုလ်ကြီး၊ ကြာလှအောင်၊ ဗိုလ်ထိတ်တင်မောင်၊ ဗိုလ်အောင်ထူး၊ ဗိုလ်စံသာကျော်၊ ဗိုလ်စောဦး၊ ဗိုလ်သာကျော် အစရှိသော ပုဂ္ဂိုလ်များနှင့် ဦးပညာသီဟ၊ ဦးစန္ဒာ၊ ဦးကျော်မြ၊ ဦးဘစံ၊ ဦးမောင်နီ၊ ဘုံပေါက်သာကျော်၊ ဦးထွန်းဝင်း၊ ဦးထွန်းလှိုင်တို့၏ကြိုးပမ်းမှု၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးတို့တွင် ရှေးတန်းမှ စတင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြပါသည်၊၊ အင်္ဂလိပ်တပ်ဖွဲ့ အမှတ်- ၁၃၆ ကရူးကပ္ပတိန်တော့နှင့် ခြင်္သေ့ အမည်ခံပုဂ္ဂိုလ်များ ကြိုးကြိုးစားစား ပူးတွဲ၍ ဂျပန်အား တော်လှန်ခဲ့ကြသည်၊၊ အသေးစိတ်ရာဇ၀င်ရေးရမည်ဆိုလျှင် အချုပ်အခြာအာဏာပိုင် ဗမာ့လွတ်လပ်ရေး အသက်မသေသရွေ့ ကျန်ရှိနေကြသော အဆိုပါ ပုဂ္ဂိုလ်တို့၏ အမွေနှစ် ပါဝင်ပါသည်ဟု ဆိုခဲ့ပြောခဲ့သော် မည်သူမျှမေ့နိုင်လိမ့်မည်ဟု မထင်နိုင်ပေ၊၊ ပြည်ထောင်စုကြီးတည်မြဲရေး ပြည်ထောင်စုစိတ်ဓာတ် ပြင်းပြရေးတို့တွင် ကျပ်ပြည့် တင်းပြည့်ရှိကြသော ရခိုင်မျိုးချစ်တို့ ထိုပုဂ္ဂိုလ်တို့အား ဤနေ့ဤအခါတွင်မမေ့အပ်ကြောင်း ဤသတင်းစာမှ ရေးခြင်း ပြုလိုက်ပါသတည်း၊၊

ဓညစံ

မှတ်ချက်။ ။ အမျိုးသတင်းစာ ၁၆ ကြိမ်မြောက် (၁၉၆၁ မတ်လ ၂၇ ရက်ထုတ်၌ စစ်တွေမောင် အမည်ဖြင့် ဖော်ပြဖူးပါသည်၊၊)


Bay of Arakan


www.bayofarakan.blogspot.com

Read more...

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP